သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ(အထူးပြု) အာစရိယပူဇော်ပွဲနှင့်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၂၂.၁.၂၀၂၅) ၊နံနက် (၉း၀၀)နာရီတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ(အထူးပြု) ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား အစီအစဉ်များကို ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သက်ဆိုင်ရာ သင်ကြားရေးဌာနများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ(အထူးပြု) ကျောင်းသား၊ ကျောင်းသူများမှ ဆရာ၊ ဆရာမများအား ကန်တော့ချိုးဖြင့် လက်ဆယ်ဖြာထိပ်မှာမိုး၍ ဂါရဝရှေ့ထား ပူဇော် ကန်တော့ခဲ့ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်ဆရာမကြီးမှ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ၏ ရည်ရွယ်ချက်မှာ ဒေသတစ်ခု၊ လူ့ဘောင်အဖွဲ့အစည်းတစ်ခု တိုးတက်ရန်အတွက် ဒေသဆိုင်ရာစီမံကိန်းများ မည်သို့ ချမှတ်ရမည်ဆိုသည့် ပညာများ၊ Knowledge များ၊ မြို့ပြကျေးလက်ဒေသအပါအဝင် ဒေသဆိုင်ရာဖွံ့ဖြိုးရေး အခြေခံသဘောတရားများ သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်နှင့် ဒေသဆိုင်ရာဖွံ့ဖြိုး တိုးတက်ဖို့ရန် စီးပွားရေး၊ နိုင်ငံရေးသိပ္ပံ၊ လူမှုရေးသိပ္ပံ (Social Culture) ၏ သဘောတရားများကို သိရှိတတ်မြောက်ထားသည့် လူ့စွမ်းအားအရင်းအမြစ်များစွာ လိုအပ်နေသောကြောင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာမေဂျာကို ကြိုးစားလေ့လာသင်ယူကြပါဟု တိုက်တွန်းလိုကြောင်း၊ အချိန်ကို အကျိုးရှိစွာ အသုံးပြုပြီး ဘာသာရပ်များကို နက်နက်နဲနဲ စူးစမ်း လေ့လာကာ သတ်မှတ်ထားသော ရည်မှန်းချက်များ ရရှိအောင် ဆောင်ရွက်ပါရန်၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သောကြောင့် ပညာသင်ယူတတ်မြောက်ထားမှသာ ရှေ့ဆက်ရမည့် ဘဝရပ်တည်ရေး တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံသစ်တည်ထောင်ရာ တွင် အဓိကဖြစ်သော ဘွဲ့ရပညာတတ်များ ဖြစ်အောင် ကြိုးစားသွားကြရန်၊ စာများများဖတ်ပြီး ဇွဲရှိရှိဖြင့် စာကိုကြိုးစားကြစေလိုကြောင်း၊ မိဘဆရာသမားများ ကျေးဇူးသိတတ်ပြီး စေတနာထားရှိ လုပ်ဆောင်ရန် ပြောကြားခဲ့ပါသည်။ ထို့နောက် ကန်တော့ရခြင်းအကျိုးကြောင့် အသက်ရှည်၊ အဆင်းလှပြီး ကောင်းကျိုးလိုရာ ဆန္ဒများနှင့် တစ်လုံး တစ်ဝပြည့်စုံကာ စာမေးပွဲများကိုလည်း ဂုဏ်ထူးများနှင့် အောင်မြင်ပြီး လိုရာပန်းတိုင်များကို ချောမွေ့ လျင်မြန်စွာ လျှောက်လမ်းနိုင်ကြပါစေ”ဟု ဆုတောင်းသြဝါဒ အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဘောဂဗေဒဌာန ပါမောက္ခ(ဌာနမှူး)မှ ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ (အထူးပြု) စတုတ္ထနှစ် ကျောင်းသားတစ်ဦးမှ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား ခဲ့ပြီး မောင်မယ်သစ်လွင်များကိုယ်စား ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ(အထူးပြု) ဒုတိယနှစ်ကျောင်းသား တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အစီအစဉ်အရ ပညာထူးချွန် ကျောင်းသား/သူများ နှင့်အားကစားထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊ ဘောဂဗေဒဌာန ပါမောက္ခ(ဌာနမှူး)နှင့် တွဲဖက်ပါမောက္ခများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ပြီးနောက် ပထမပိုင်းအခမ်းအနား ပြီးမြောက်ခဲ့ပါသည်။
ဒုတိယပိုင်းအခမ်းအနားအစီအစဉ်အရ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဘောဂဗေဒဌာန ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ(အထူးပြု) King and Queen, People Choice Boy and Girl များကို တက်ရောက်လာကြသည့် ဧည့်ပရိသတ်များနှင့် မိတ်ဆက်ခြင်း၊ မဲပေးခြင်းနှင့် ဖျော်ဖြေရေးအဖွဲ့များ က အဆို အကအလှများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ပါသည်။
ထို့နောက် မယ်သစ်လွင်(Queen)ရရှိသူအား ပါမောက္ခချုပ်မှ စလွယ်နှင့် အမှတ်တရလက်ဆောင် ကိုလည်းကောင်း၊ မောင်သစ်လွင်(King) ရရှိသူအား ဘောဂဗေဒဌာန ပါမောက္ခ(ဌာနမှူး)မှ လည်းကောင်း အသီးသီး ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ မောင်သစ်လွင် (King) ရရှိသူနှင့် မယ်သစ်လွင်(Queen)ရရှိသူတို့အား ယခင်နှစ် King နှင့် Queen တို့မှ စလွယ်နှင့် သရဖူတို့အား လွှဲပြောင်းပေးအပ်ခဲ့ပြီး People Choice Boy and Girl ရရှိသူတို့အား စလွယ်နှင့် အမှတ်တရလက်ဆောင်တို့ကို ယခင်နှစ် People Choice Boy and Girl တို့မှလည်းကောင်း လွှဲပြောင်းပေးအပ်ပြီး အမှတ်တရမှတ်တမ်းဓါတ်ပုံများ ရိုက်ယူခဲ့ကြပြီးနောက် ဒုတိယပိုင်း အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
|