သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၂၀.၁.၂၀၂၅)၊ နံနက်(၉း၀၀)နာရီတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု ကျောင်းသား၊ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာဥမ္မာစံ၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သက်ဆိုင်ရာသင်ကြားရေးဌာနများမှ ဆရာဆရာမများ၊ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု ကျောင်းသား/ ကျောင်းသူများနှင့် MPA ကျောင်းသား/ကျောင်းသူများ စုံစုံညီညီတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု ကျောင်းသား၊ ကျောင်းသူ များမှ “အာစရိယဂုဏောအနန္တော’’သီချင်းသီဆို၍ ဆရာ၊ဆရာမများအား လက်အုပ်ချီမိုး ဂါရဝပြုကာ ပူဇော် ကန်တော့ခဲ့ကြပါသည်။
ဆက်လက်၍ ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီမှ နှုတ်ခွန်းဆက်ဩဝါဒ အမှာစကားပြောကြားရာတွင်“လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ အထူးပြုဘာသာရပ်သည် လူမှုအကျိုးပြု၊ မိမိတို့၏ အဖွဲ့အစည်း သာယာဝပြောရန်အတွက် အထောက်အပံ့ပေးနိုင်သည့် ဘာသာရပ် ဖြစ်သည့်အပြင် စီးပွားရေးလုပ်ငန်းများပြုလုပ်ခြင်းဖြင့် ရရှိလာသော အကျိုးအမြတ်များကို လူမှုအကျိုးပြုလုပ်ငန်းများ (Social work)၊ ပရဟိတလုပ်ငန်းများတွင် ပြန်လည် အသုံးပြုနိုင်သည့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ဖြစ်လာအောင် မွေးထုတ်ပေးမည့် ဘာသာရပ်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မိမိတို့၏ Career Life တွင် ကြိုးစား လေ့လာသင်ယူထားသည့် ဘာသာရပ်ကို လက်တွေ့ နယ်ပယ်တွင် အကျိုးရှိရှိအသုံးချသွားစေလိုကြောင်း၊ 21st Century Skill ဖြစ်သည့် Critical thinking Skills , Cooperation Skills, Communication Skills, Creativity Skills, Coordination Skills, Problem Solving Skills များ ကောင်းမွန်အောင် ကြိုးစားသွားကြရန်၊ နိုင်ငံတော်က Outcome Base Education ရအောင်သင်ကြားပေးရန် အားပေးသည့်အတွက် မိမိဘာသာရပ်များကို သေချာနားလည်အောင် လေ့လာကြပါရန်၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် MSME (Micro, Small and Medium) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် သားတို့သမီးတို့အနေဖြင့် တနိုင်တပိုင်လုပ်ငန်း၊ ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်အောင် ကြိုးစားသွားကြရန်၊ ဘွဲ့ရသူများအနေဖြင့် Master of Social Enterprise Management (MSEM) ဘွဲ့ရသူများအဖြစ်ရောက်အောင် ကြိုးစားကြပါရန်၊ ထို့ပြင် HRD တန်းများတွင် ဖွင့်လှစ်တဲ့ MPA, MBA, MAS, Dip HRM အတန်းများတွင် တက်ရောက်ကာ ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် အလုပ်တဖက်ဖြင့် တက်ရောက် လေ့လာနိုင်ရန်၊ ယခုနှစ်တွင် 3rd Batch HRD တန်းများကို ဆက်လက်ခေါ်ယူထားပြီးဖြစ်ကြောင်း ဗလငါးတန် ပြည့်စုံသော လူငယ်များဖြစ်အောင် ကြိုးစားသွားကြပြီး မိမိမေဂျာ၊ မိမိတက္ကသိုလ်၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံအတွက် အားကိုးအားထားရသည့် သူများဖြစ်အောင် ကြိုးစားသွားကြရန်နှင့် မိမိတက္ကသိုလ်ကြီးမှာ ဂုဏ်ယူ ဝင့်ကြွားစွာ တက်ရောက်သင်ယူရင်း မိဘဆရာများကို လေးစားကြည်ညိုပြီး အားထားအားကျရသည့် ထူးချွန် ထက်မြက်သော လူချွန်လူကောင်းများ ဖြစ်ကြပါစေ” ဟု ဆုမွန်ကောင်း တောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဒေါက်တာကြည်ကြည်ဝင်း(ပါမောက္ခ၊ ဌာနမှူး၊ သမဝါယမပညာဌာန)မှ နှုတ်ခွန်းဆက် ဆုပေးစကားနှင့် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုများ အားလုံးအတွက် ကျေးဇူးတင် စကားတို့ကို ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကျောင်းသူတစ်ဦးမှ မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး မောင်မယ်သစ်လွင်များကိုယ်စား ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် ပထမနှစ်အောင်မြင်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာအထူးပြု ဘာသာရပ်တွင် အမှတ်အများဆုံးဖြင့် ရောက်ရှိခဲ့သည့် ဒုတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများ အား ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာဥမ္မာစံနှင့် ဒေါက်တာကြည်ကြည်ဝင်း(ပါမောက္ခ၊ ဌာနမှူး)တို့မှ ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် မှတ်တမ်း ဓါတ်ပုံများရိုက်ကူးကာ အာစရိယပူဇော်ပွဲ အခမ်းအနား ပထမပိုင်းပြီးမြောက်ခဲ့ပါသည်။
ဒုတိယပိုင်းအခမ်းအနားအစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ ဌာနဆရာမများမှ မန်းတောင်ရိပ်ခိုသီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များကို အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြပါသည်။
ယင်းနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု ဒုတိယနှစ် (First Semester, Second Semester) မောင်သစ်လွင်၊ မယ်သစ်လွင်များကို တက်ရောက်လာကြသည့် ဧည့်ပရိသတ်များနှင့် မိတ်ဆက်ခြင်းနှင့် King and Queen မဲပေးရွေးချယ်ခြင်းတို့ကို အစီအစဉ်များအတိုင်း ကျင်းပခဲ့ကြပါသည်။
၎င်းနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု ဒုတိယနှစ်တို့မှ မောင်သစ်လွင် (First Semester King)၊ မယ်သစ်လွင်(First Semester Queen)နှင့် မောင်သစ်လွင်(Second Semester King)၊ မယ်သစ်လွင်(Second Semester Queen) များကို ရွေးချယ်ခဲ့ပြီး ရွေးချယ်ခံရသည့် မောင်သစ်လွင် (First Semester King) နှင့် မောင်သစ်လွင်(Second Semester King)ရရှိသူတို့အား စလွယ်နှင့် အမှတ်တရလက်ဆောင်ကို လည်းကောင်း၊ မယ်သစ်လွင်(First Semester Queen)နှင့် မယ်သစ်လွင် (Second Semester Queen)ရရှိသူတို့အား စလွယ်၊ စတားသရဖူနှင့် အမှတ်တရလက်ဆောင်တို့ကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)ဒေါက်တာဥမ္မာစံနှင့် ပါမောက္ခ(ဌာနမှူး)များမှ ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ယူခဲ့ကြပြီး ဒုတိယပိုင်းအခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။