ပြည်ထောင်စုဝန်ကြီးဖလားအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား တွေ့ဆုံအားပေးစကားပြောကြားခြင်း
(၂၃-၈-၂၀၂၄) ရက်နေ့မှ (၂၇-၈-၂၀၂၄)ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား အလွတ်တန်း ဘောလုံး အားကစားပြိုင်ပွဲကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် သမဝါယမ ကောလိပ်(မန္တလေး)တို့မှ ကျောင်းသားများ ပါဝင်သော တက္ကသိုလ်လက်ရွေးစင်အသင်းများမှ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ အဆိုပါ လက်ရွေးစင်အသင်းအား (၂၀.၈.၂၀၂၄)ရက်နေ့ မနက် (၁၀း၀၀) နာရီတွင် တက္ကသိုလ် Conference Room ၌ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်း၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဒေါက်တာဥမ္မာစံ၊ သင်တန်းရေးရာဌာန ဌာနမှူး ဦးငွေမိုးထွန်းနှင့် အားကစားကော်မတီ ဥက္ကဌ ဒေါက်တာခင်မြဝင်းတို့မှ တွေ့ဆုံအားပေးခဲ့ကြပါသည်။ ထိုတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား ပါမောက္ခချုပ်ဆရာမကြီးမှ တက္ကသိုလ်၏ဂုဏ်ကို ဆောင်နိုင်အောင် ကြိုးစားအားထုတ်ကြရန်၊ ပြိုင်ပွဲပါစည်းကမ်းများကို လိုက်နာရန်၊ စည်းစည်း လုံးလုံးညီညီညွှတ်ညွှတ်နှင့် ကြိုးစားအားထုတ်ရန်၊ တရားသော ယှဉ်ပြိုင်ခြင်းဖြင့် ကြိုးစား ကစားကြရန်၊ လိုအပ်သည်တို့ကို ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ကြရန်နှင့် တက္ကသိုလ်ဘက်မှလည်း လိုအပ်သည် တို့ကို ကြိုးစား ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း စသည်ဖြင့် ဆုံးမစကားနှင့် အမှာစကားပြောကြားခဲ့ပြီး တွေ့ဆုံပွဲအား (၁၁း၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
|