|
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) Training of Trainers on Pedagogyဖွင့်ပွဲ အခမ်းအနားကျင်းပ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမတွင်(၂.၁၁.၂ဝ၂၆) ရက်နေ့၊ နံနက်(၀၉:ဝဝ) နာရီအချိန်၌ Training of Trainers on Pedagogy ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ စစ်ကိုင်းပညာရေး တက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ (စီမံ၊ သင်တန်း၊ သုဖွံ့)ဌာနများမှ (ဌာနမှူး)များ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)နှင့် သင်တန်းသား၊ သင်တန်းသူ(၂၄)ဦး တက်ရောက်ခဲ့ကြ ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားရာ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း)မှာ တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမ ဝန်ထမ်းများအနေဖြင့် သင်ကြားမှုစွမ်းရည် ပိုမိုမြင့်မားစွာ သင်ကြားပို့ချနိုင်စေရန်နှင့် အရည်အချင်းပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် Training of Trainers on Pedagogy သင်တန်းကို (၂-၁၁-၂ဝ၂၆)ရက်နေ့မှ (၁၃-၁၁-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားသင်ယူမှု အရည်အသွေးမြှင့်တင်ခြင်းသည် အလွန်အရေးကြီးသော အခန်းကဏ္ဍတစ်ရပ် ဖြစ်ကြောင်း၊ ယနေ့ခေတ် ပညာရေးသည် သင်ကြားပို့ချနိုင်စွမ်းရှိရုံသာမက သင်ယူသူများ၏ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ တီထွင်ဖန်တီး နိုင်စွမ်းနှင့် လက်တွေ့အသုံးချနိုင်စွမ်းတို့ကိုပါ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လမ်းညွှန်ပံ့ပိုးပေးနိုင်ရန် လိုအပ်ကြောင်း၊ ယင်းရည်မှန်းချက်များ ပြည့်မီစေရန်အတွက် သင်ကြားရေး နည်းစနစ်များဖြစ်သော Pedagogyကို နားလည်ကျွမ်းကျင်စွာ အသုံးချနိုင်ခြင်းသည် အရေးပါကြောင်း၊ ထိရောက်သော သင်ကြားရေးဆိုသည်မှာ ဆရာ၊ ဆရာများက သင်ခန်းစာများကို ပို့ချခြင်းတစ်ခုတည်းသာ မဟုတ်ဘဲ သင်ယူသူများ တက်ကြွစွာပါဝင်သင်ယူနိုင်မည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်း၊ သင်ယူမှုရလဒ်များကို စနစ်တကျ အကဲဖြတ်ခြင်းနှင့် သင်ယူသူတစ်ဦးချင်းစီ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် သင်ကြားနည်းလမ်းများကို ရွေးချယ်အသုံးပြုခြင်းတို့လည်း ပါဝင်ကြောင်း၊ ယခုဖွင့်လှစ်သည့် "Training of Trainers on Pedagogy" သင်တန်းသည် သင်တန်းသား၊ သင်တန်းသူများ၏ သင်ကြားရေး စွမ်းရည်နှင့် နည်းပြပို့ချနိုင်စွမ်းတို့ကို မြှင့်တင်ပေးသည့် အရေးပါသော သင်တန်းတစ်ခုဖြစ်သောကြောင့် သင်တန်းမှတစ်ဆင့် သင်ခန်းစာများရေးဆွဲခြင်း၊ ခေတ်မီသင်ကြားရေး နည်းလမ်းများ၊ သင်ယူသူဗဟိုပြု သင်ကြားသင်ယူမှုများ၊ သင်ယူမှုရလဒ်များကိုအကဲဖြတ်ခြင်းနှင့် သင်တန်းပို့ချမှုဆိုင်ရာ ကျွမ်းကျင်မှုများကို ပိုမိုနက်ရှိုင်းစွာ လေ့လာဆည်းပူး ကြမည်ဟု မျှော်လင့်ပါကြောင်း၊ Training of Trainers (ToT) သင်တန်းဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လက်တွေ့အသုံးချနိုင်မည့် အသိပညာ၊ ကျွမ်းကျင်မှုနှင့် သင်ကြားရေးဆိုင်ရာ အတွေ့အကြုံကောင်းများ ရရှိရုံသာမက မိမိတို့၏ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းခွင်များတွင် ထိရောက်စွာ အသုံးချပြီး အခြားသူများထံသို့ ပြန်လည် လေ့ကျင့်သင်ကြားပေးနိုင်သော နည်းပြကောင်းများ ဖြစ်လာစေရန်လည်း အထူးအရေးကြီး ပါကြောင်း၊ သင်တန်းသား ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းကာလအတွင်း တက်ကြွစွာ ပါဝင်ဆွေးနွေးခြင်း၊ လုပ်ငန်းများတွင် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ခြင်း၊ မိမိတို့၏ အတွေ့အကြုံ များကို အချင်းချင်း ဖလှယ်ခြင်းနှင့် သင်ယူရရှိသော နည်းလမ်းများကို လက်တွေ့အသုံးချခြင်းတို့ကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ သင်ကြားရေးသည် အမြဲတမ်း လေ့လာသင်ယူရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့်အတွက် မိမိတို့၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး အစဉ်အမြဲ တိုးတက်အောင် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း၊ယခုသင်တန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးကြသော တာဝန်ရှိသူများ၊ သင်တန်းပို့ချပေးမည့်ဆရာကြီး၊ ဆရာမကြီးများကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

|