|
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂ဝ၂၆)ဖွင့်ပွဲ အခမ်းအနား
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်)တွင်(၁၂.၁၀.၂၀၂၆) ရက်နေ့၊ နေ့လယ်(၁:၀၀) နာရီအချိန်တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ (စီမံ၊ သင်တန်း၊ သုဖွံ့ဌာန)များမှ(ဌာနမှူး)များ၊ သင်ကြားရေးဌာနများမှပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ( ဌာနမှူး)နှင့် သင်တန်းသား၊ သင်တန်းသူ (၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပ ပြုလုပ်သည့် အခမ်းအနားသည် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် စီမံခန့်ခွဲရေးဆိုင်ရာ ရုံးလုပ်ငန်းတာဝန်များလက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားသော နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်၊ ရုံးစာရေးသားနည်းပါ ပြဋ္ဌာန်းချက်များကို နားလည်သဘောပေါက်ပြီး ရုံးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း(၁/၂၀၂၆)ကို (၁၂-၁၀-၂၀၂၆) ရက်နေ့မှ (၂၃-၁၀-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်း တစ်ခု၏ အောင်မြင်မှုသည် အဆောက်အအုံ၊ ပစ္စည်းကိရိယာများနှင့် နည်းပညာများသာမက အရည်အချင်းပြည့်ဝပြီး တာဝန်ယူမှုရှိသော လူ့စွမ်းအားအရင်းအမြစ်များပေါ်တွင် များစွာမူတည်နေသောကြောင့် ၀န်ထမ်း များ၏ လုပ်ငန်းကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှု ပြဿနာဖြေရှင်းနိုင်မှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှု နှင့် ခေါင်းဆောင်မှုစွမ်းရည်များကို အစဉ်မပြတ် မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ ယခုဖွင့်လှစ်မည့် သင်တန်းသည် ဝန်ထမ်းများ၏ လုပ်ငန်းတာ၀န်များကို ပိုမိုထိရောက်၊ မြန်ဆန်၊ တိကျစွာ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ သင်တန်းကာလအတွင်း သင်ယူရရှိသည့် အသိပညာ အတွေ့အကြုံနှင့် နည်းလမ်းကောင်းများကို မိမိတို့၏ သက်ဆိုင်ရာ လုပ်ငန်းခွင်များတွင် ပြန်လည်အသုံးချပြီး အရည်အသွေးများ တိုးတက်လာစေရန် ဆောင်ရွက်ကြစေလိုကြောင်း၊ယနေ့ခေတ်တွင် Digital Transformation, Artificial Intelligence (Al) , Data Literacy နှင့် ခေတ်မီစီမံခန့်ခွဲမှုနည်းလမ်းများသည် လုပ်ငန်းခွင်တွင် ပိုမိုအရေးပါလာသည့်အတွက် ဝန်ထမ်းများ အနေဖြင့် မိမိတို့၏ ကျွမ်းကျင်မှုများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြရန်လိုအပ်ကြောင်း၊ "သင်ယူမှုသည် တစ်ကြိမ်တည်းဖြင့် ပြီးဆုံးခြင်းမရှိဘဲ တစ်သက်တာ ဆက်လက်သင်သူ ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်" ဟူသော ခံယူချက်ဖြင့် Continuous Learning နှင့် Lifelong Learningကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားလာခြင်းသည် မိမိ၏ အကျိုးအတွက်သာမက ဌာန၊ တက္ကသိုလ်နှင့် နိုင်ငံ၏ပညာရေး အရည်အသွေး မြင့်မားတိုးတက်ရေးအတွက်ပါ အရေးပါသော အင်အားတစ်ရပ် ဖြစ်ကြောင်း၊ ယခုသင်တန်းမှ ရရှိမည့် အသိပညာနှင့် ကျွမ်းကျင်မှုများကို ထိရောက်စွာ အသုံးချပြီး မိမိတို့၏ လုပ်ငန်းတာဝန်များကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ကြမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယပါမောက္ခချုပ်(စီမံ)မှ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၆)တွင် ရုံးလုပ်ငန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို သင်ခန်းစာများနှင့်တကွ အသေးစိတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများကို လျင်မြန်တိကျစွာ ဆောင်ရွက်နိုင်ရန်၊ စီမံခန့်ခွဲနိုင်ရန်၊ အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန်နှင့် သင်တန်းမှရရှိသော အကျိုးကျေးဇူးများကို လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်ရန်အတွက် အချိန်တိုအတွင်း လျင်မြန်စွာ ကြိုးစားသင်ယူကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။


|