|
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ဒုတိယဝန်ကြီး ဦးသိုက်စိုး လာရောက်ကြည့်ရှုစစ်ဆေးခြင်း
၂၀၂၆ခုနှစ်၊ ဩဂုတ် ၁၀ ရက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ (၁၀-၈-၂၀၂၆)ရက်နေ့ နံနက် (၉း၃၀) နာရီအချိန်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး ဦးဆောင်လျက် သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ အုပ်ချုပ်ရေးဌာနများဖြစ်သော စီမံခန့်ခွဲရေးဌာန၊ သင်တန်းရေးရာဌာန နှင့် သုတေသနနှင့် ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက် ပါမောက္ခ(ဌာနမှူး)၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် T1 စာသင်ဆောင် 104 အခန်းတွင် ဦးစွာ တွေ့ဆုံခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာဥမ္မာစံက တက္ကသိုလ်၏ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများ၊ ငလျင်ဒဏ် သင့် အဆောက်အဦများ ပြန်လည်ပြုပြင်နေမှုများ၊ ၂၀၂၆-၂၇ ပညာသင်နှစ်တွင် ကျောင်းသား သစ်များ လက်ခံမည့် အခြေအနေနှင့် ကျောင်း၏လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကို အားပေးမြှင့်တင် လျက်ရှိပြီး မိမိတိုဝန်ကြီးဌာနရှိ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ သမဝါယမ ကောလိပ်များ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများက အလေးထားလိုက်နာ ဆောင်ရွက်ကာ နိုင်ငံတော်အတွက် သမဝါယမစီးပွားရေး ပညာတတ် များ မွေးထုတ်ပေးရန်၊ လူ့စွမ်းအား အရင်းအမြစ်ဖွံဖြိုးရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် ဒီပလိုမာသင်တန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်နှင့် ငလျင်ဒဏ်သင့် အဆောက်အဦးများအား သတ်မှတ်အရည်အသွေးပြည့်မီစွာ အမြန်ဆုံးပြီးစီးအောင် ပြုပြင် ဆောင်ရွက်ရန်၊ လာမည့်ပညာသင်နှစ်တွင် တက်ရောက်မည့် ကျောင်းသားသစ်များ၏ နေထိုင် စားသောက်ရေးကိစ္စများ အဆင်ပြေအောင် ဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။ ထိုနောက် ဒုတိယဝန်ကြီးသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ကျောင်းသား ဆောင်မှ ကျောင်းသားများအတွက် တက္ကသိုလ်အားကစားရုံတွင် နေရာချထားမှု ကြည့်ရှု စစ်ဆေးပြီး ဘတ်ဂျက် လျာထားဆောင်ရွက်ပေးရန်၊ ငလျင်ဒဏ်သင့် (၄) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှု၊ ရေဂါလံ (၆၀၀၀) ဆံ့ အမြင့်တင်ရေစင်သစ် တည်ဆောက် မည့်နေရာ၊ ဖူဆယ်ကွင်း၊ ယာယီဝန်ထမ်းအိမ်ရာ၊ ကွန်ပျူတာစာသင်ခန်းများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။
|