|
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ(အထူးပြု)ကျောင်းသား/သူများ၏
အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ
ဇူလိုင် ၂၁ ၊၂၀၂၆ခုနှစ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ဘောဂဗေဒဌာန၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ(အထူးပြု) အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို (၂၁-၇-၂၀၂၆)ရက်နေ့၊ နံနက် ၈:၀၀ နာရီအချိန်တွင် တက္ကသိုလ်ဘွဲနှင်း သဘင်ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ အုပ်ချုပ် ရေးဌာနများဖြစ်သော စီမံခန့်ခွဲရေးဌာန၊ သင်တန်းရေးရာဌာန၊ သုတေသနနှင့်ဖွံဖြိုးမှုဌာနများမှ ဌာနမှူးများ၊ သင်ကြား ရေးဌာန (၁၁) ဌာနမှ ပါမောက္ခ (ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)၊ မော်ကွန်းထိန်းများ၊ ဆရာ၊ ဆရာမများ နှင့် အသုံးချစာရင်းအင်းပညာအထူးပြုမေဂျာမှ ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပထမဦးစွာ ကျောင်းသား၊ ကျောင်းသူများက "မြတ်ဆရာ" သီချင်းဖြင့် သီဆိုပူဇော်ကာ ဆရာကြီး၊ ဆရာမကြီးများအား ကန့်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ဂါရဝပြု လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ ထို့နောက် ပါမောက္ခချုပ်မှ အဖွင့်အမှာစကား ပြောကြား ရာတွင် ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ၏ ရည်ရွယ်ချက်သည် ဒေသတစ်ခု၊ လူ့ဘောင်အဖွဲ့အစည်း တစ်ခု တိုးတက်စေရန်အတွက် ဒေသဆိုင်ရာစီမံကိန်းများကို မည်သို့ချမှတ်ရမည်ဆိုသည့် ပညာ များ၊ Knowledge များ၊ မြို့ပြကျေးလက်ဒေသ အပါအဝင် ဒေသဆိုင်ရာဖွံ့ဖြိုးရေး အခြေခံသဘော တရားများကို သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်နှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ရန် စီးပွားရေး၊ နိုင်ငံရေးသိပ္ပံ၊ လူမှုရေးသိပ္ပံ (Social Culture) ၏ သဘောတရားများကို သိရှိတတ်မြောက်ထားသည့် လူ့စွမ်းအားအရင်းအမြစ်များစွာ လိုအပ်နေ သောကြောင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာမေဂျာမှာ သင်ကြားပို့ချသည့် ဘာသာရပ်တွေကို ကြိုးစားလေ့လာ သင်ယူကြရန် တိုက်တွန်းလိုပါကြောင်း၊ အချိန်ကို အကျိုးရှိစွာ အသုံးပြုပြီး ဘာသာရပ်များကို နက်နက်နဲနဲ စူးစမ်းလေ့လာကြပြီး သတ်မှတ် ထားသော ရည်မှန်းချက်များရရှိအောင် ဆောင်ရွက်ကြရန်၊ ယနေ့ခေတ်ဟာ ပညာခေတ်ဖြစ် သောကြောင့် ပညာသင်ယူတတ်မြောက်ထားမှသာ ရှေ့ဆက်ရမည့် ဘဝရပ်တည်ရေးတွင် အောင်မြင်စွာ ဆောင်ရွက်သွားနိုင်မှာဖြစ်ပါကြောင်း၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံသစ်တည် ထောင်ရာမှာ အဓိကဖြစ်သည့် ဘွဲ့ရပညာတတ်များဖြစ်အောင် ကြိုးစားသွားကြရန်၊ စာများများ ဖတ်ပြီး ဇွဲရှိရှိဖြင့် စာကိုကြိုးစား သင်ယူကြရန်မှာကြားလိုပါကြောင်း၊ ပူဇော်ထိုက်တဲ့သူတွေကို ပူဇော်ကန်တော့ရသည့် အကျိုးကြောင့် သားတို့သမီးတို့အားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ကာ လိုရာဆန္ဒများ တလုံးတဝတည်း ပြည့်စုံပြီး စာမေးပွဲကိုလည်း အခက်အခဲမရှိ အမှတ်တွေ ကောင်းကောင်းနဲ့ ဖြေဆိုအောင်မြင်နိုင်ကြပါစေ၊ ထူးချွန်ထက်မြတ်သော လူတော်/လူကောင်းများ အနေဖြင့် မိမိတက္ကသိုလ် ၊ မိမိဒေသ၊ မိမိနိုင်ငံအတွက် အားထားရတဲ့သူများဖြစ်ကြပါစေလို့ ဆုတောင်းစကားပြောကြားခဲ့ပြီးနောက် ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) နှင့် ဘောဂဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)တို့က ဆုံးမဩဝါဒစကားများနှင့် မောင်မယ် သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားခဲ့ပါသည်။ ထို့နောက် ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ(အထူးပြု) စတုတ္ထနှစ် ကျောင်းသားတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြန်လည်ပြောကြားခဲ့ပြီး မောင်မယ်သစ်လွင်များကိုယ်စား ဒုတိယနှစ်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူး၍ ပထမပိုင်းအခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
ဒုတိယပိုင်း အစီအစဉ်အဖြစ် ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ(အထူးပြု) မေဂျာဂုဏ်ဆောင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) နှင့် ဘောဂဗေဒဌာနမှ ပါမောက္ခ (ဌာနမှူး) တို့မှ ဂုဏ်ပြုမှတ်တမ်း နှင့်အတူ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြပြီး အစီအစဉ်အရ King & Queen နှင့် PCA ရွေးချယ်ပွဲကို ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲဝင်များအား မိတ်ဆက်ပေးခဲ့ပြီး တက်ရောက်လာသူများ၏ မဲပေးရွေးချယ်မှုဖြင့် ဆုရရှိသူများကို ရွေးချယ်ခဲ့ ကြသည်။ ရွေးချယ်ခံရသည့် Fresher King၊ Fresher Queen၊ People Choice Boy နှင့် People Choice Girl တို့အား စလွယ်နှင့် အမှတ်တရလက်ဆောင်များကို ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) နှင့် ဘောဂဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) တို့က အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ယခင်နှစ် Queen ရရှိသူမှ သရဖူကို လွှဲပြောင်းပေးအပ် ခဲ့ကြသည်။ ထို့နောက် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို နေ့လယ် ၂:၀၀နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
|