29 Jun,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် (၂၈.၆.၂၀၂၆)ရက်နေ့ နံနက် (၉း၀၀)နာရီအချိန်၌ ဝန်ထမ်းသား/သမီး(မူ/လယ်/ထက်)ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ ထောက်ပံ့ခြင်း အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ အုပ်ချုပ်ရေးဌာနများဖြစ်သော စီမံရေးရာဌာန၊ သင်တန်းရေးရာဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမနှင့် ဝန်ထမ်းသား/သမီး(မူ/လယ်/ထက်)ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုပ်မှ အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမှီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရည်အချင်းရှိသော ပညာတတ်များ ပေါ်ထွန်းလာစေရန် အားပေးလျက်ရှိပြီး တက္ကသိုလ်အနေဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းများတွင် ပညာသင်ကြားလျက်ရှိသော ဝန်ထမ်းသား/သမီးများ၏ပညာရေးကို တစ်ထောင့်တစ်နေရာမှ အထောက်အကူ ဖြစ်စေရန်နှင့် ပညာသင်ကြားချင်စိတ် ပိုမိုဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ဘက်စုံထူးချွန်ထက်မြက်ပြီး မိဘကျေးဇူးသိတတ်သော၊ လိမ္မာပြီး စည်းကမ်းပြည့်ဝသော အနာဂတ်တွင် တိုင်းပြည်က အားထားရသော သားကောင်း၊ သမီးကောင်းလေးများ ဖြစ်ကြပါစေ၊ အထက်တန်းစာမေးပွဲ ဖြေဆိုကြသည့်အခါ ဘာသာရပ်တိုင်း၌ ဂုဏ်ထူးများဖြင့် အောင်မြင်ကြပြီး မိမိတို့ဝါသနာ၊ ဆန္ဒရှိသော တက္ကသိုလ်များ၌ ပညာဆက်လျက်ဆည်းပူးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ KG မှ Grade-5 ထိ (၆၈)ဦး၊ Grade-6 မှ Grade-9 ထိ (၂၆)ဦး၊ Grade-10 မှ Grade-12 ထိ (၆)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၀၀)ဦးတို့ကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)တို့မှ ကျောင်းဝတ်စုံများ၊ ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများ HRD Programme အသီးသီးမှ လှူဒါန်းငွေ စုစုပေါင်း(၄,၈၄၂,၀၀၀ိ/.) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူ မိဘတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် ပါမောက္ခချုပ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


