05 Feb,2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် တည်ထားကိုးကွယ်သော တိလောကမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား၏ (၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပူဇော်ပွဲနှင့် (၁၄)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲအခမ်းအနားကို (၁.၂.၂၀၂၆)ရက်နေ့ နံနက်(၆:၀၀) အချိန်၌ တိလောကမာရဇိန်ဘုရားရှိ ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် အစီအစဉ်(၂)ရပ်ဖြင့် ကျင်းပခဲ့ရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ (စီမံ၊သင်တန်း၊သု/ဖွံ့)ဌာန များမှ ဌာနမှူးများ၊သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ ကထိက(ဌာနမှူး)၊ ဆရာ/ဆရာမများ၊ဝန်ထမ်းများ နှင့် ကျောင်းသား၊ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။
ပထမပိုင်းအစီအစဉ်အနေဖြင့် ပင့်ဖိတ်ထားသည့် ရွှေသမားကျောင်းမှ သံဃာတော်အရှင်သူမြတ်များမှ တိလောကမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရားတွင် ဘုရား အနေကဇာတင်ခဲ့ကြပြီးနောက် တက္ကသိုလ်ဘုရားဓမ္မာရုံတွင် သံဃာတော်အရှင်သူမြတ်များကို အာရုံဆွမ်း ထမနဲ၊ ကြာဇံဟင်းခါးနှင့် အချိုပွဲများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။
ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားဖြစ်သည့် (၁၄)ကြိမ်မြောက်မဟာဘုံကထိန်အောင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ တက်ရောက်လာကြသူများသည် သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလဆောက်တည်ပြီးနောက် ဆရာတော်ကြီးများထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဆရာ၊ ဆရာမများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများသည် လှူဖွယ် ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး တိလောကမာရဇိန်ဆုတောင်းပြည့် မြတ်စွာဘုရားအတွက် လှူဒါန်းခဲ့ကြသည့် ကုသိုလ်ရှင်များအား ပါမောက္ခချုပ်မှ ဂုဏ်ပြုမှတ်တမ်း များ ပေးအပ်ခဲ့ကာ ရွှေမိုးငွေမိုးများရွာသွန်းခဲ့ကြ၍ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ ကြပါသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ဆရာ၊ဆရာမများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူအားလုံးတို့၏ ကထိန်လှူဒါန်းမှုများမှာ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေ တန်ဖိုး စုစုပေါင်း ငွေကျပ် (၁၅,၆၁၇,၀၀၀/-) တိတိ ဖြစ်ပါသည်။
၎င်းနောက် (၁၄)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို ကြာဇံဟင်းခါး၊ ထမနဲ နှင့် အချိုပွဲများဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။